Friday, February 17, 2012
အမျိုးသမီးများသာ
သို့
နေ့စွဲ- ၁၄ ဖေဖေါ်ဝါရီ ၂၀၁၂
အိမ်ဦးနတ်
တော့်ဆီကိုဗယ်လင်တိုင်းနေ့မို့ချောကလက်များနှင့်နှင်းဆီပန်းများကျွန်မနာမည်နှင့်စာတိုက်မှပို့လာမည်ဟုများ မမျှော်ပါလေနှင့်။ အရင်းရှင်ကုမ္ပဏီကြီးတွေ စီးပွားရှာတဲ့အထဲ အိတ်ကပ်ထဲက ငွေစကလေးများ ပါမသွားရလေအောင် လက်ထဲ ထညက်ခဲ ( ထန်းလျှက်ခဲ)နဲ့ပဲ ရှင်နဲ့ကျွန်မ တင်းတိမ်ကြစို့ရဲ့။ ရှင်နိုင်ငံခြား မယ် ပညာသင်ခွင့်ရတဲ့အခိုက် ကျန်းမာရေးလည်းဂရုစိုက် ဖို့မှာပါရစေ။ သို့သော်မြန်မာပြည် အကြောင်း နားစွင့်နေဖို့လည်း မှာပါရစေရှင့်။ ရှင်ကျောခိုင်းရာအရပ်ဝယ် ကျန်ရစ်သော မြန်မာပြည်ကြီးမှာ တစ်နေ့ တစ်ခြားထူးခြားစွာပြောင်းလဲလာရာ ကျွန်နော်မျိုးမမှာ တစ်ခါတစ်ခါ အပတ်စဉ်ထုတ် ဂျာနယ်များကို ဖတ် ရသောအခါ မျက်လုံးများကျွတ်ကျမတတ် ဖြစ်ရပါသည်။ အထူးသဖြင့် ကနေ့ဖတ်လိုက်ရသော သတင်း တစ်ပုဒ်ကြောင့်ဆံပင်မွေးများပင်ထောင်သွားသည်ဟုထင်ပါသည်ဟုပြောလျှင်ရှင်မတော့ချဲ့လွန်းပြီဟုမထင်ပါနှင့်။ ဂျယ်များလိမ်းထားသဖြင့် ဆံပင်များ အဖျားရှုးလျှက် တစ်တောင်လောက် ထောင်တက်နေသော ဦးခေါင်းနှင့်ကျွန်မ မျက်နှာကို စွပ်ထားသည့်ပုံကို မှန်းကြည့်လျှင်ကား အလွန်ရယ်ရပါမည်။
ကျွန်မတို့အမိမြန်မာပြည်ကြီးတွင် ဆိုရှယ်လစ်ခေတ်တစ်လျှောက် တံခါးပိတ်ပြီးအိပ်နေသော ကာလတွင် လည်းကောင်း ကျွန်မတို့လူလားမြောက်ရသည့် သည်ဘက်ခေတ် တံခါးကိုဟစိဟစိလုပ်ထားသောအချိန် တစ်လျှောက်လုံးတွင်လည်း ကောင်း မမြင်ခဲ့ရဖူးသည့်အပြောင်းအလဲများကိုတွေ့မြင်ရပြီးဖြစ်သည်။ အကြောင်းမှာမြန်မာပြည်၏အကြီးဆုံးကားကုမ္ပဏီကြီးတစ်ခုမှာအမျိုးသမီးထုကြီး၏ရုန်းကန်ရမှုများကို စာနာသောအားဖြင့်အမျိုးသမီးသီးသန့်ယာဉ်လိုင်းကိုရန်ကုန်ကားလမ်းမများပေါ်တွင်မိတ်ဆက်ပေးလိုက် ပြီဖြစ်သည်။ ကားပေါ်တွင် မထိတထိ၊ကလိတိတိလုပ်တတ်သော ထောက်လှမ်းရေးဟု နာမည်ပြောင် ပေးခံရသူများ၏ ရန်ကိုစိုးရွံ့ကြရသော အမျိုးသမီးတို့ကို ကာကွယ်ရန်ဟုဆိုသည်။
ထိုယာဉ်လိုင်းများကိုမိတ်ဆက်ခြင်းမှာတစ်ကြိမ်မျှမကြားဖူးသေးသောတီထွင်မှုဖြစ်သောကြောင့်အချို့အမျိုးသမီးတို့ကယခုကဲ့သို့ဦးစားပေးခံရခြင်းကိုဖရဏာပီတိဂွမ်းဆီထိလျှက်“တစ်သက်တွင်ဖြင့်သည်တစ်ခါ..ငါမိန်းမဖြစ်ရကျိုးနပ်လေပြီ”ဟု မရှိသော လက်ခမောင်းကို ခတ်၍ကြွေးကြော်ကြလေသည်။ အမျိုးသားအများစုကမူဒါဟာဂျန်ဒါအရခွဲခြားတာပဲ..*မ*များအတွက်သီးသန့်ရှိလျှင်*ကျား*များအတွက် လည်း သီးသန့်စီစဉ်ပေးမည်လောမည် အမေးရှိကြသည်။ အရှည်ကိုတွေးမျှော်သည့် ငယ်ရွယ်သည့် အမျိုးသားတို့ကမူ စုံတွဲများအတွက် ချစ်ခြင်းကိုမခွဲသင့်ဟုဆိုသည်။ အချို့သောအမြင်ကျယ်သည့် နိုင်ငံတကာကိုနှံ့စပ်ပုံရသောအမျိုးသားများကမူဖိနပ်နှင့်ခြေထောက်မတော်သဖြင့်ဖနောင့်ကိုဓါးနှင့်လှီး သည်ဟုဝေဖန်ပါသည်။ ရှင့်အနေဖြင့် မည်သို့အထင်ရှိမည်ကို ကျွန်မမတွေးတတ်ပါ။ သို့သော် ရှင်ကျောင်းပိတ်၍ အိမ်ပြန်လာလျှင် ထိုဘတ်စ်ကားမျိုးကို အကြောင်းမသိဘဲ တက်မစီးမိအောင်သာ ကျွန်မကကြိုတင် အကြောင်းကြားရခြင်းဖြစ်ပါသည်။
ကျွန်မမှာ အူတူတူနှင့်ဂျင်ဒါဟူသော အယူအဆကိုလည်း များစွာမတီးမခေါက်မိသေးသဖြင့်ရှင်တို့ဖွံ့ဖြိုးရေးသမားများ ပြောပြောနေသော ပေါ်လစီမိတ်ကင်း Policy Makingတွင်ကျားမအရေးကိုထည့်စဉ်းစားရမည်ဟုသာကြားဖူးသဖြင့်ယခုအမျိုးသမီးသီးသန့်ယာဉ်လိုင်းမည်မျှ အောင်မြင်မည် မအောင်မြင်မည်ကိုမမှန်းတတ်ပါ။ သို့သော် ရှင်တို့ထံမှ လက်ဖျားလက်နားကြားရသဖြင့် ကျွန်မနားလည်သလောက် ဖွံ့ဖြိုးရေးတွင် မည်သည့်လိင်ကိုမျှခွဲခြားဆက်ဆံခြင်းမရှိရဟု အရပ်သူပီပီ
တစ်ထစ်ချမှတ်ထားသောကျွန်မမှာ ယခုဘတ်စ်ကားပေါ်လစီကိုနားမလည်နိုင်အောင်ဖြစ်ရသည်။
မိန်းမပီပီဦးစားပေးခံရခြင်းကိုကျနပ်မိသော်လည်းကျွန်မဆန့်နိုင်သလောက်ဦးနှောက်ခရီးနှင်ကြည့်သော အခါဘ၀င်မကျနိုင်အောင်ဖြစ်ရသဖြင့်မအောင့်နိုင်မအီးနိုင်ရှင့်ဆီစာရေးမိခြင်းဖြစ်ပါသည်။ကမ္ဘာ့ဖွံ့ဖြိုးရေး အတွက်တာဝန်ရှိသောကုလသမဂ္ဂသည်အမျိုသမီးများနှိမ့်ချခံရခြင်းဘေးဖယ်ခံရခြင်း၊ပညာမတတ်ခြင်းတို့မှာဖွံ့ဖြိုးရေးအတွက် နှောင့်နှေးရသည်ဟုယူဆသဖြင့်၁၉၇၅ခုနှစ်ကိုကမ္ဘာ့အမျိုးသမီး များနေ့ ဟုသတ်မှတ်လျှက် အမျိုးသမီးများကိုအားရှိအောင်လုပ်ပေးကြရမည်ဟုနှိုးဆော်ကာ Women and Development ( WAD) ဟုခေါ်သောစီမံကိန်းကြီးများကိုစခဲ့ကြသည်။နောင်တွင်အမျိုးသမီးများခွဲခြား ခံရသောပြသနာမှာ ဤနည်းဖြင့်လည်း မရှင်းနိုင်သဖြင့်အမျိုးသမီးများမှာ မူဝါဒရေးရာချမှတ်သည့်
နေရာများ တွင်မပါမချင်း မူဝါဒရေးရာဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လည်းကောင်း တို့၏အခန်းကဏ္ဍကို မထည့်သွင်းမချင်း မအောင်မြင်နိုင်ဟုဆုံးဖြတ်သဖြင့် Women In Development (WID) ဆိုကာ အမျိုးသမီးများကိုဖွံ့ဖြိုးရေးဖြစ်စဉ်ထဲအပြည့်အ၀ဆွဲသွင်းရန်ကြိုးစားခဲ့ကြပြန်သည်WIDမူအရအမျိုးသမီးများ၏ လုပ်အားမှာ ကမ္ဘာ့စုစုပေါင်းလုပ်အား၏ ထက်ဝက်မျှရှိရာအမျိုးသမီးများ နောက်ကျနေသမျှထိုလုပ်အား တစ်ဝက်ကို ကမ္ဘာ့ကြီးက ဆုံးရှုံးနေဦးမည်ဟု စဉ်းစားကြကြောင်း ကျွန်မကြားဖူးပါသည်။ သို့သော်ထိုဝါဒများမှာ လွန်ခဲ့သော၂၀ ရာစု၏ ဒုတိယပိုင်းတွင် ခေတ်စားခဲ့ပြီး ၂၁ရာစုရောက်လာချိန်တွင်မူ Gender and Development (GAD) ဟုသာလူပြောများတော့သည်ကို စာတိုပေစာများမှ ကျွန်မဖတ်ရမှတ်ရပါသည်။
အမျိုးသမီးတစ်ခြမ်းတည်းကို အားရှိအောင်လုပ်ခြင်းသည် လက်ရှိ ကမ္ဘာ့တွင် ဖြစ်ပျက်နေသော ပြသနာများ ကို မရှင်းနိုင်သဖြင့် အမျိုးသမီးများ အရေးဆွေးနွေးရာတွင် အမျိုးသားများအရေးကို ပါစဉ်းစားကြရမည်ဟု သိမှတ်ရပါသည်။ ကျားနှင့်မကြား အပြန်အလှန် ဆက်ဆံပုံ၊ ဆက်စပ်တည်နေပုံကို
မလေ့လာသရွေ့၊ထည့်သွင်းမစဉ်းစားသရွေ့ ရေရှည်ဖွံဖြိုးမှုမမြဲနိုင်သောကြောင့်လိင်အပေါ် အခြေခံကာ ကျားသပ်သပ်၊ မသပ်သပ်ခွဲခြားစဉ်းစား၍ လည်းမဖြစ်နိုင်ဟု လက်ခံခဲ့ကြပြီးဖြစ်ပါသည်။ လက်တွေ့တွင် အမျိုးသမီးများမှာ နိမ့်ပါးသည့်ဘက်ပိုရောက်နေသောကြောင့် အမျိုးသားများနှင့်တန်းတူအလုပ်အကိုင်၊
ဝင်ငွေ၊ ပညာရေးအခွင့်အလမ်းများ ပေါ်ပေါက်လာအောင် ကြိုးစားပေးနေကြသည်မှန်သော်လည်း "မ"ကိုမြှင့်ချင်သဖြင့် "ကျား"ကိုကန့်သတ်လိုက်ခြင်းကိုလည်းကောင်း ၊ "ကျား"ကိုမြှင့်စေချင်သဖြင့်
"မ"ကိုနှိပ်ကွပ်ခြင်းသည်လည်းကောင်း၊ ကျားမနှစ်ခုကိုသာစဉ်းစားပေးပြီး ထိုအုပ်စုဝင်မဟုတ်သော လူသားများကိုအရေးမလုပ်ခြင်းသည်လည်းကောင်းအပြစ်တစ်ခုကဲ့သို့လူ့အခွင့်အရေးကိုဦးစားပေး သည့်နိုင်ငံများကယူဆကာထိုမူဝါဒမျိုးကိုပြန့်ပွားအောင်တမင်တကာမလုပ်ကြဟုကျွန်မနားလည်ထားပါ သည်။ ကျွန်မကို စာအုပ်ကြီးဆန်လှသည်ဟုဆိုကာ ဤစာကိုဖတ်သောရှင်က ပြုံးကောင်းပြုံးပါလိမ့်မည်။ တကယ်တော့စာအုပ်ထဲမှာအိုက်ဒီယာများသည်အခြားနေရာများတွင်တကယ်စမ်းသပ်ပြီးမှပေါ်ထွက် လာသောအနှစ်သာရသီအိုရီများဖြစ်ကြကြောင်း ခတ်နောက်ကျကျန်ခဲ့သော ရှင်တို့ရော ကျွန်မတို့ရော သိကြပါသည်။ မြန်မာနိုင်ငံသည် အမျိုးသမီးသီးသန့်ဘတ်စ်ကားကို ပထမဆုံးစတင်တီထွင်သည့်
နိုင်ငံမဟုတ်သဖြင့် အဆိုပါကုမ္ပဏီသည် နိုင်ငံခြားသို့ပညာတော်သင်လွှတ်ကာယခုကဲ့သို့အမျိုးသမီးသီးသန့် လိုင်းများဆွဲသောနိုင်ငံများသို့သွားရောက် ပညာသင်ယူ စေခဲ့သလောဟု တွေးတောမိပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ပေါ်တွင် ကျွန်မအသိဥာဏ် တစ်ထွာတစ်မိုက်တွင် မှတ်သားမိသလောက် အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အီရန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်တောင်ပိုင်း၊ ဒူဘိုင်း၊ အစ္စရေး၊ ဘရာဇီး၊
အိန္ဒိယ၊မက္ကဆီကို၊ဂွာတီမာလာ၊ဂျပန်၊ထိုင်ဝမ်တို့မှာအမျိုးသမီးသီးသန့်ကားလိုင်း၊ ရထားလိုင်းများကို မိတ်ဆက်ဖူးသူများ ဖြစ်ကြသည်။ ရှင်က နိုင်ငံတကာ ဗဟုသုတပိုနှံ့စပ်သဖြင့် ယခုစာရင်းတွင်မပါသော သို့မဟုတ် အမျိုးသမီးသီးသန့်ယာဉ်လိုင်း ဖျက်သိမ်းလိုက်ပြီဖြစ်သောနိုင်ငံမျိုးကို ကျွန်မအား ထောက်ပြနိုင် လိမ့်မည်။ဂျပန်မှာမြန်မာပြည်ကယခုမှရသောစိတ်ကူးကို၁၉၁၂ခုနှစ်ကတည်းကအကောင်အထည်ဖော် ခဲ့သောနိုင်ငံဖြစ်သည်။ ထိုအစီအစဉ်မှာ အမျိုးသမီးများ စိတ်အနှောင့်အယှက်သက်သာစေရေးကို ရည်ရွယ်သော်လည်း ဘေးထွက်ဆိုးကျိုးများကြောင့်ဝေဖန်သူများရှိခဲ့ပါသည်ဥပမာအမျိုးသမီး သက်သက် စီးသည့်ကားပေါ်တွင်ရမ်းကားသောအမျိုးသားများရန်မှလုံခြုံသော်လည်းအမျိုးသားနှင့်ရောပြီးစီးရသော ကား၊ရထားများပေါ်တွင် မလုံခြုံမှုပိုတိုးလာသည်ဟု ဆိုကြသည်။ထို့ပြင်လက်ရောခြေရောအားလုံး ငြိမ်ငြိမ်ထားတတ်ကြသူအုပ်စုဝင် ကိုရွှေဂျပန်များက သူတို့သရမ်းခြင်းမရှိပါဘဲ သရမ်းသည်ဟု အထင်မခံ ရလေအောင် သူတို့အတွက် ကျားသီးသန့်ကားလိုင်းစီစဉ်ပေးပါဟု တိုကျိုတွင်တောင်းဆိုခဲ့ဖူးသည်။
ဂျပန်မှာနေရာ အကျယ်အ၀န်းနှင့်စာလျှင် လူဦးရေများလွန်းသဖြင့် လမ်းများလည်းကြပ်သဖြင့် မွတ်ဆလင်နိုင်ငံ မဟုတ်ပဲထူးထူးခြားခြား အမျိုးသမီးတွဲကို တီထွင်ရခြင်းဖြစ်သည်။ လန်ဒန်ထုတ် Independent သတင်းစာကြီးက ၂၀၀၇ခုနှစ်တွင်တိုကျိုမြို့ကြီးတွင် အမျိုးသား နှစ်ထောင်လောက် ဟိုဟိုဒီဒီနှိုက်သည့်အမှုဖြင့် အဖမ်းခံရသည်ဟုဆိုပါသည်။ ကျွန်မကြားဖူးသလောက် အင်္ဂလန်တွင် ၁၉၇၅ ကျားမတန်းတူညီမျှရေးအက်ဥပဒေထုတ်လိုက်ပြီးနောက်ပိုင်းတွင်အမျိုးသမီးသီးသန့်စီးရထားတွဲများ မရှိတော့ပါ။ ၁၉၉၆ခုနှစ်တွင် ဗြိတိန်နိုင်ငံ အက်ဆီတာမြို့တွင် အမျိုးသမီးကားပါကင်သီးသန့်သတ်မှတ်ရာ မြို့လူထုက ၁၉၇၅ ဥပဒေအရ ကန့်ကွက်ကြသဖြင့် ပြန်ဖျက်ပေးလိုက်ရပါသည်။ ကျွန်မအထင်ဖြင့်မူ မြန်မာပြည်တွင် ဆင်းရဲမွဲတေမှုများလျော့ကျလာပြီး မြို့ပြသယ်ယူပို့ဆောင်ရေး တိုးတက်လာလျှင်၊
စီးပွားရေးလူမှုရေးပညာရေးများကလည်း ကျွဲကူးရေပါ တိုးတက်လာလျှင် ရေရှည်တွင် စာရိတ္တရေးရာများ ပိုမိုကောင်းမွန်ကာ နိတိများချိုးဖောက်ခြင်း လျော့ပါးလာလိမ့်မည်ဟုယူဆပါသည်။ အမျိုးသမီးများ ကို ကာယိနြေ္ဒပျက်ပြားစေမှု၏ နောက်ကွယ်တွင် နက်ရှိင်းလှစွာသော လူမှုရေး၊ ပညာရေး၊ စီးပွားရေး
ပြသနာများကအခြေခံနေကြပါသည်။ အနှစ်နှစ်အလလကစုပြီးဖြစ်လာခဲ့သောပညာဆင်းရဲမှု၊
အကျင့်စာရိတ္တဆင်းရဲမှုမှာရောဂါကြီးဖြစ်သောကြောင့်ကုသရာတွင်အချိန်ယူရပါဦးမည်ဟုကျွန်မဆန့်နိုင် သလောက်တွေးမိပါသည်။ ဆေးမီးတိုသည် တစ်စုံတစ်ရာအတိုင်းအတာအထိ သက်သာစေသည့်တိုင် ရေရှည်အတွက် အစွမ်းထက်သော ဆေးခါးကြီးများ မျိုကြရပါဦးမည်။ စာလည်းရှည်ပြီ။
ရှင့်အချိန်များကုန်မှာစိုးလှသည်။ ကနေ့တော့တော်သေးပြီ။
လွမ်းတဲ့အိမ်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment